အမေ ( ၁ )

အမေ ( ၁ )

မတော်တဆ ချော်ကာကျလည်း

ဖွင့်ဟမိပြန် အမေ့ ဆိုတဲ့ ထိုအသံ…

မမြင်သစ်ငုတ် ခလုတ်တိုက်လည်း

ဆိုလိုက်မိပြန် အမေ့ ဆိုတဲ့ ထိုအသံ…

ဝါး ကနဲ ခြောက် မြှောက် ကနဲ ပင့်

ချီမ လင့်လည်း ဖွင့်အံမိပြန် အမေ့ ဆိုတဲ့ ထိုအသံ…

ထစ် ကနဲ ချုန်း အုန်း ကနဲ ညံ

ံ ကြားရသံလည်း ရွတ်အံမိပြန် အမေ့ ဆိုတဲ့ ထိုအသံ…

အမေ့ ပုံရိပ် အမေ့ စိတ်တွေ

မသိစိတ်တွင်း သိစိတ်ရင်းမှာ

အထင်းသားယှက် လျှပ်စီးလက်သို့

ရက်ဆက်နေ့စဉ် အသက်ဝင်၏…

သြော် …

ငယ်စဉ်တောင်ကျေး ကလေးဘဝ

ဖြစ်စဉ်ကလို အမေ့ရင်ခွင်

ပြေးဝင်ချင်လည်း ဝေးနေဆဲမို့

စို့စို့ မျက်ရည် ကျမိ၏…

တို့တို့ မျက်ရည် သုတ်မိ၏…။

အရှင်ကေလာသ(သာစည်) MA မဂဓ တက္ကသိုလ် အိန္ဒိယ။

မြတ်ဆရာ

မြတ်ဆရာ

“ ပျက်အစဉ် ပြင်ခဏ” ဆိုပေမယ့်

ပြင်မရတာတွေက

အများသား

အမှားများမကြုံခင် ပြင်ရအောင်

သင်ပြတဲ့ မြတ်ဆရာ…

“ အလှတွင် အယဉ်ဆင့် ” ဆိုပေမယ့်

“ အရမ်းပြင် အယဉ်ပျက်” တာလည်း ခဏခဏ

သံသရာ အစဉ်လှရအောင်

သင်ပြတဲ့ မြတ်ဆရာ..

“ ဆင်တတ်မှ လှ ကြင်တတ်မှ ရ ” ဆိုပေမယ့်

“ ပေးကားပေး၏ မရ ” ခဲ့တာလည်း အကြိမ်ကြိမ်

“ အချိန်မီချုပ် အစုတ်သက်သာ ” ရအောင်

အထုပ်ထုပ်ပေးတဲ့ မြတ်ဆရာ…

“ အာစရိယဂုဏော အနန္တော ” ဆိုပေမယ့်

” အသိခေါက်ခက် အ၀င်နက်” ခဲ့တာလည်း အခါခါ

သံသရာ မပြစ်မသင့်ရလေအောင်

အခါခါ ခွင့်လွှတ်တဲ့ မြတ်ဆရာ…။ သူငယ်ချင်း အရှင်ဝိစိတ္တ (ဓမ္မာစရိယ) MA ပြောပြလို့ ရေးဖြစ်တဲ့ ကဗျာလေးပါ ကျေးဇူးပဲ သူငယ်ချင်းရေ...။ စာဖတ်ပရိတ်သတ်များလည်း အကြံဥာဏ်ပေးနိုင်ပါတယ်။

အရှင်ကေလာသ(သာစည်) MA မဂဓ တက္ကသိုလ်၊ အိန္ဒိယ။

အသွင်သဏ္ဌာန် နှင့် အနှစ်သာရ

အသွင်သဏ္ဌာန် နှင့် အနှစ်သာရ

အိန္ဒိယနိုင်ငံ ဗုဒ္ဓ္ဓ္ဓဂါယာမှာ ကျောင်းသားကျောင်းဆိုတာ ရှိပါတယ်.. မြန်မာပြည်ကနေ အိန္ဒိယကိုစာလာ

သင်ကြတဲ့ စာသင်သားရဟန်းတော်များရဲ့ အမေ့အိမ်သဖွယ် ချစ်ခင်တွယ်တာ နားခိုအိပ်စက် ပျော်မွေ့ရာ တသက်တာ မမေ့ရက်စရာတွေနဲ့ တသသ သတိရနေရမယ့် ကျောင်းတော်ကြီးပါ.. တစ်နေ့ ဆွမ်းချက်အလှည့်

ကျလို့ မီးဖိုခန်းထဲမှာ ဟင်းချက်ဖို့ အထုပ်တစ်ထုပ်ကိုဖောက်ခါနီး အလှူရှင်စာတန်းလေး တွေ့လို့ ဖတ်ကြည့်မိပါ

တယ်.. နာမည်တွေ လိပ်စာတွေမမှတ်မိတော့ပေမယ့် ဤကောင်းမှုကြောင့် မိသားစုလိုက် ဗုဒ္ဓ္ဓ္ဓဂါယာသို့ဘုရားဖူး

လာရပါလို၏ဘုရား ဆိုတဲ့ဆုတောင်းလေးကြောင့် ရင်ထဲမှာ နင့်ကနဲဖြစ်မိပါတယ်.. ပြီးတော့လည်း မိုင် 1800 ကျော်ရှိတဲ့ ဘုရားဖူးခရီးစဉ်ကို ကိုယ်တိုင်သွားဖူးသူတစ်ယောက်အနေနဲ့ တွေ့ကြုံ ခံစားခဲ့ရတဲ့ ဆွတ်ပျံ့လွမ်း မောဖွယ် ကြေကွဲဝမ်းနည်းဖွယ် ၀မ်းသာအားတက်ဖွယ် အသွင်သဏ္ဌာန်ပိုင်းဆိုင်ရာမြင်ကွင်းတွေနဲ့ အနှစ်သာရ ပိုင်းဆိုင်ရာ လေးနက်မှုအတွေးတွေလည်း စိတ်ထဲမှာ ပေါ်လာမိပါတယ်…

ဘုရားအလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ (B.C 623 May) မှာ

ကပိလ၀တ်ပြည် နှင့် ဒေ၀ဒဟပြည်အကြားရှိ လုမ္ဗိနီဥယျာဉ်မှာ မယ်တော်သည် မတ်တတ်ရပ်လျှက် သားတော် လည်း သတိရှိလျှက် မျက်လုံးပွင့်လျှက် လက်ဖ၀ါးတို့ကိုဖြန့်လျှက် ခြေတို့ကိုဆန့်လျှက် အညစ်အကြေးကင်းစွာ ဖြင့် ခြေမှစ၍ မယ်တော်ရော သားတော်ပါ ချမ်းချမ်းသာသာ ဖွားမြင်ခဲ့ပါတယ်.. ဒီကမ္ဘာအစ မဟာသမ္မတမင်း သည် သိဒ္ဓတ္ထမင်းသားပင်ဖြစ်ခဲ့၍ မဟာသမ္မတမင်းမျိုးဆက်မှာပင် ပြန်လည်ဖွားမြင်ခဲ့တာဖြစ်ပါတယ်.. မဟာ သမ္မတမင်းမှသည် အလောင်းတော်ဖွားမြင်သည်အထိ မင်းဆက်ပေါင်း (334569 ) သုံးသိန်း သုံးသောင်း လေး ထောင့်ငါးရာ ခြောက်ဆယ့်ကိုးဆက်ရှိပြီး တခြားသွေးမရောနှောသော အသမ္ဘိန္နခတ္တိယ မင်းမျိုးဆက်မှာ ဖွားမြင် ခဲ့တာ ဖြစ်ပါတယ်.. ဖွားမြင်ချိန်မှာ မယ်တော့် အသက် 57 နှစ်ထဲမှာဖြစ်ပြီး နောက် ခုနစ်ရက်အကြာမှာ နတ်ရွာစံခဲ့ပါတယ်..အလောင်းတော် ပဋိသန္ဓေနေခဲ့ဖူး သောမိခင်သည် ပရိဘောဂစေတီထိုက်၍ မည်သည့်အမျိုးသားမှ သုံးဆောင်ခံစားခြင်းငှာမထိုက်သလို နောက်ထပ်ပဋိသန္ဓေနေခြင်းငှာလည်း မထိုက်တန်တော့ပါဘူး.. မယ်တော့်အသက် 10 လနဲ့ 7 ရက်အကျန်မှာ အလောင်းတော် ပဋိသန္ဓေနေခဲ့တာဖြစ်လို့ မွေးဖွားရခြင်းကြောင့် နတ်ရွာစံခဲ့ရတာမဟုတ်ဘဲ ဓမ္မတာအရ သက် တမ်းစေ့ သက်တမ်းကုန်လို့သာ မယ်တော် နတ်ရွာစံခဲ့တာဖြစ်ပါတယ်..

ဖွားမြင်လာသောအလောင်းတော်ကို ဗြဟ္မာကြီးလေးဦးတို့က ရွှေဇာကွန်ရက်၊ စာတုမဟာရာဇ် နတ်မင်းကြီးလေးဦးတို့က သစ်နက်ရေ၊ လူတို့က ဘွဲ့ဖြူပုဆိုးတို့ဖြင့် အဆင့်ဆင့်ခံယူကြပြီး အလောင်းတော် သည် လူတို့လက်မှ ဆင်းသက်ကာ အရပ်ဆယ်မျက်နှာမှာ မိမိနှင့်တူသူ ရှိ မရှိ ကြည့်ရှုတော်မူပြီး မြောက်အရပ် သို့ ရှေ့ရှုကာ ခြေလှမ်း ခုနစ်လှမ်းလှမ်း၍ “ လောကမှာ ငါအမြတ်ဆုံး၊ အကြီးဆုံး၊ အချီးမွမ်းအပ်ဆုံး၊ ယခုပဋိသန္ဓေသည် နောက်ဆုံးပဋိသန္ဓေဖြစ်၍ ငါ့မှာ နောက်ဘ၀မရှိတော့ ” ဟု ရဲရဲတော် စကားကြီးငါးခွန်းကို ကြွေးကြော်ခဲ့ပါတယ်.. အလောင်းတော်သည် ပကတိမြေကြီးပေါ်မှာ ဖွားသည့်အတိုင်း အ၀တ်ဗလာ ကြွလှမ်း သည်ကို မဟာဗြဟ္မာကြီးက ထီးဖြူမိုး၍ သုယာမနတ်မင်းက သားမြီးယပ်ကိုင်ဆောင်၍ နတ်များက မင်းမြှောက် တန်ဆာများကိုင်ဆောင်၍ လိုက်ပါခဲ့ပါတယ်.. လူတို့အမြင်မှာတော့ အလောင်းတော်ကို အ၀တ်အစားအပြည့် အစုံဖြင့် ဆယ့်ခြောက်နှစ်သားအရွယ် ကောင်းကင်၌ ကြွလှမ်းသည်ကို ဖူးမြင်ရပါတယ်..

လုမ္ဗိနီကို ယခုအခါ ရုမ္မဒေးဟုခေါ်၍ အိန္ဒိယမြောက်ပိုင်း နယ်စပ်မှ ခြောက်မိုင်အကွာရှိ နီပေါနိုင်ငံထဲမှာ တည်ရှိပါတယ်..ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ အကျိုးဆောင်မှုကြောင့် စိမ်းစိုသာယာပြီး သန့်ရှင်းလှ ပတဲ့ လုမ္ဗိနီ ဖြစ်နေပါပြီ.. ခရစ် 1896 မှာ ကျောက်စာဝန် မစ္စတာ ကန်နင်ဟမ်က လုမ္ဗိနီကို ရှာဖွေတွေ့ရှိခဲ့ပြီး မယ်တော်မာယာသားဖွားမြင်ပုံရုပ်တုတွေ့ရှိရာ အုတ်တိုက်ရယ်၊ အမြင့် 13 ပေ 6 လက်မ၊ လုံးပတ် 7 ပေ 3 လက်မရှိတဲ့ အသောကကျောက်စာတိုင်ရယ်၊ရေပူရေအေး သုံးဆောင်ခဲ့တဲ့အထိမ်းအမှတ် ရေကန်ရယ်၊ အသော ကမင်း တည်ခဲ့တဲ့ ခြေခုနစ်လှမ်း လှမ်းခဲ့ရာစေတီ ခုနစ်ဆူအနက် လေးဆူကို ဖူးတွေ့နိုင်ပါသေးတယ်.. ပြီးတော့ ကပိလ၀တ်နန်းတော်ရာဟောင်း ၊ နိဂြောဓာရုံကျောင်းနဲ့ ရောဟိနီ မြစ်နေရာတွေကိုလည်း သမိုင်းမှာ အငြင်း ပွားဆဲဖြစ်နေသေးပေမယ့် ရာဟုလာတို့ နန္ဒမင်းသားတို့ ကိုတော့ အောက်မေ့တသ သတိတရဖြစ်နေဦးမယ့် နေရာတွေပါပဲ..

B.C 588 May မှာ ဘုရားပွင့်ခဲ့တဲ့ ဗောဓိပင်ကို အသောကမင်းရဲ့မိဖုရားငယ် တိဿရက္ခာ ကစ်ခါ၊ သျီဝဘုရင် ဆာဆင်္ကာ က နှစ်ခါ၊ ခရစ် 1193 မှာ မွတ်စလင် စစ်ဗိုလ်ချုပ် မိုဟာမက်ဂိုရီက တစ်ခါဖျက်ဆီးခဲ့ပြီး ခရစ် 1876 မှာ လေမုန် တိုင်းကြောင့်လဲကျသွားတဲ့ဗောဓိပင်ရဲ့မျိုးဆက်ကို ဟိန္ဒူဘုန်းကြီး မဟန့်ဂီရိ (သို့) ကျောက်စာဝန် မစ္စတာ ကန် နင်ဟန်က လက်ရှိဗောဓိပင်ကို ပြန်လည်စိုက်ပျိုးထားတယ်လို့ဆိုပါတယ်.. ဘာပဲဖြစ်ခဲ့စေဗောဓိပင်ပေါက်ရာမြေနေရာဟာဒီစကြ၀ဠာမှာပထမဆုံးပေါ်ထွန်းခဲ့တဲ့မြေနေရာ၊ပရိက္ခရာငါးစုံပါတဲ့ ကြာပင်ပေါက်ခဲ့တဲ့မြေနေရာ၊ဘုရားငါးဆူဗုဒ္ဓ္ဓ္ဓဖြစ်မယ့်မြေနေရာ၊မာန်းငါးပါးအောင်ရာဌာနဖြစ်တဲ့ဗောဓိပင်နဲ့ရွှေပလ္လင်ကို အလေးဂရုပြုတဲ့အနေနဲ့ ဘုရားရှင်ကိုယ်တိုင်မမှိတ်သောမျက်စိနဲ့ ခုနစ်ရက်လုံးလုံးမတ်မတ်ရပ် ကြည့်ရှုခဲ့ပြီး ဘုရားရှင်ရဲ့အသုံးအဆောင် ပရိဘောဂစေတီထိုက်တဲ့မြေနေရာပါ.. သာသနာကွယ်ချိန်ရောက်ရင် ရှိရှိသမျှဓာတ်တော်တွေဗောဓိပင်အောက်မှာစုဝေးပြီး နိမ္မိတရုပ်ပွားတော်အဖြစ် နောက်ဆုံးတရားဟောကြားကာ ဓာတုပရိနိဗ္ဗာန်စံဝင်မယ့်မြေနေရာပါ.. အဲဒီအချိန်မှာ ဒီနေရာဟာ လူသူမရောက်နိုင်တဲ့ဒေသဖြစ်နေလို့ လူသားများနာကြားခွင့်မရတော့ဘဲ နတ်ဗြဟ္မာများသာ နားကြားခွင့်ရမယ့် တရားပွဲပါ..

ပိဋကတ်စာပေနဲ့ယှဉ်ကြည့်ရင် လက်ရှိ မုဉ္စလိန္ဒာသတ္တာဟနေရာဟာနီးလွန်းနေပေမယ့် ရာဇာယတန သတ္တာဟနေရာကတော့ မြန်မာပြည်သားတွေအတွက် အားတက် ဂုဏ်ယူဖွယ်ကောင်းလှပါတယ်.. မြတ်ဗုဒ္ဓ္ဓ္ဓ ကို ပထမဆုံး မုန့်ဆွမ်းကပ်ခွင့်ရတဲ့နေရာ၊ ပထမဆုံး ဒွေဝါစိကသရဏဂုံ (ဗုဒ္ဓ္ဓ္ဓ ဓမ္မ)ဆောက်တည်ခွင့်ရတဲ့နေရာ၊ ပထ မဆုံးဗုဒ္ဓ္ဓ္ဓဘာသာဝင်ပေါ်ထွန်းခဲ့တဲ့နေရာ၊ပထမဆုံးဓာတ်တော် ဆံတော်ရှစ်ဆူပူဇော်ခွင့်ရရှိခဲ့တဲ့နေရာဖြစ်ပါတယ်.

တပုဿ နဲ့ ဘလ္လိက တို့ကို မြန်မာပြည်သားတွေ မဟုတ်ဘူးလို့ ဆိုစေဦးတော့ သူတို့ပင့်ဆောင်ခဲ့တဲ့ ဆံတော် တွေကတော့ မြန်မာပြည်မှာရှိနေတယ်ဆိုတာ ယနေ့ ကမ္ဘာ့အံချီးဖွယ် ရွှေတိဂုံစေတီတော်မြတ်က အထင်ကရ သက်သေပါ..

ဗောဓိပင်ရဲ့အရှေ့ဘက်မှာအသောကမင်းကောင်းမှုထီးတော်အပါအ၀င်ဉာဏ်တော်ပေ 180 .. ဖိနပ်

တော် 48 ပေ ရှိတဲ့ လေးထောင့်ပုံ မဟာ ဗောဓိစေတီတော်ကြီးကိုဖူးမြင်နိုင်ပါတယ်.. အသောကမင်းတည်ခဲ့သမျှ လေးထောင့်ပုံစံစေတီတော်ဟာ ဒီတစ် ဆူတည်းရှိလို့ အဲဒီအချိန်တုန်းက အသောကမင်းဟာ ဗုဒ္ဓဘာသာဖြစ်ပေမယ့် ဂျိန်းအငွေ့အသက်မကုန်သေးဘူး လို့ ပညာရှင်များမှတ်ချက်ချတာကိုလည်း မှုတ်သားဖူးပါတယ်.. ခရစ် 2 ရာစုမှာ မဂဓဘုရင်တစ်ပါးက လက်ရှိပုံစံ ဖြစ်အောင်ပြုပြင်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၃၉ မှာ မင်းတုန်းမင်းကြီးကထပ်မံပြုပြင်ခဲ့တယ်လို့ဆိုပါတယ်..စေတီရံ လေးဆူဟာ မင်းတုန်းမင်းရဲ့ကုသိုလ်လို့ သမိုင်းမှတ်တမ်းရှိပါတယ်..စေတီတော်အတွင်းမှာ ဂုတ္တခေတ်လက်ရာ ဉာဏ်တော် 10 ပေခန့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကိုဖူးတွေ့နိုင်ပြီး ဘုရားရှင် ဗောဓိပင်အောက်မှာ သီတင်းသုံး စဉ်က ထိုင်တော်မူသွားတဲ့ အပရာဇိတပလ္လင်နေရာလည်းဖြစ်ပါတယ်.. ရုပ်ပွားတော်မြတ်ရဲ့ရှေ့နားလေးမှာ တွင်း ငယ်တစ်ခုရှိပြီး အရင်က ဟိန္ဒူတွေကိုးကွယ်တဲ့ သျှီဝလိင်ပုံကျောက်ရုပ်ကြီးရှိတဲ့နေရာဖြစ်ခဲ့ပြီး လွတ်လပ် ရေးရပြီးမှ ဗုဒ္ဓဘာသာနိုင်ငံများရဲ့တောင်းဆိုချက်အရ ဖယ်ရှားပေးခဲ့တဲ့နေရာဖြစ်ပါတယ်.. အထက်ပစ္စယံက ရုပ်ပွားတော်မြတ်ကိုတော့ တက်ရောက်ဖူးမျှော်ခွင့် ပိတ်ထားခဲ့တာ ကြာပါပြီ…

ဥရုဝေလတောတန်းနဲ့ ဒုက္ကရစရိယစခန်းလှိုဏ်ဂူ၊ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာညောင်ပင်တန်းဟာ လွမ်းမောစရာကောင်းလှပေမယ့် ရွှေခွက်မျှောခဲ့ရာ နေရဉ္ဖ္ဗ္ဇရာကတော့ ကော ခဲ့ပါပြီ. အနာဂါရိက ဓမ္မပါလလက်ထက် အမှုဖြစ်တုန်းက သီပေါမင်းကိုယ်တိုင် ခမည်းတော်ဆောက်ထားတဲ့ဇရပ်ဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာနဲ့အကောင်းဆုံးသက်သေလိုက်ခဲ့ပေမယ့် မဟန့်သာပိုင်စေလို့ဆုံးဖြတ်ခံခဲ့ရတဲ့ မင်းတုန်းဇရပ်ကြီးကတော့ သူတို့တွေရဲ့ နွားမွေး ဆိတ်မွေးရာဌာနဖြစ်ခဲ့ရပြီး ကောင်းမှုရှင် ကျောက်စာတိုက်နှစ်ခုကလည်း တောခြုံအုံကြား ချောက်ကြား မြောင်းကြားရောက်သွားခဲ့ရပါပြီ.. ဒါတွေဟာလူမျိုးကွဲခြင်းက အခြေခံ အကြောင်းရင်းဖြစ်သလို ဘာသာခြားခြင်းကလည်း အဓိက အရေးပါလှပါတယ်..

ဗာရာဏသီမြို့နဲ့ 8 ကီကိုမီတာအဝေးမှာ မိဂဒါဝုန်တောရှိပြီး သီဟိုဠ်သား သူတော်စင် အနာဂါရိက ဓမ္မ ပါလ ရဲ့ အကျိုးဆောင်မှုကြောင့် မိဂဒါဝုန်ဟာ ကျယ်ကျယ်ဝန်းဝန်းနဲ့သာသာယာယာရှိလှပါတယ်.. ဗုဒ္ဓဂါယာမှာ ဘုရားရတနာပေါ်ထွန်းခဲ့ပြီး မိဂဒါဝုန်မှာ တရားရတနာနဲ့သံဃာရတနာပေါ်ထွန်းခဲ့ပါတယ်.. အသောကမင်း တည်ထားကိုးကွယ်ခဲ့တယ်လို့ ယူဆရတဲ့ တရားဦး ဓမ္မစကြာဟောကြားရာ ဓမ္မရာဇိက စေတီကြီးကတော့ ခရစ် 1794 မှာ ဖြိုချခံခဲ့ရလို့ ဉာဏ်တော်သုံးပေလောက်သာကြွင်းကျန်ခဲ့ပေမယ့် အနတ္တလက္ခဏသုတ်ဟောကြားရာ ဓမ္မေခ စေတီတော်ကြီးကတော့ ဉာဏ်တော် 104 ပေအမြင့်နဲ့ ဖူးတွေ့နိုင်ပါသေးတယ်..

မိဂဒါဝုန်တောနေရာဟာ ပထမဆုံး နတ်ဗြဟ္မာတွေ ကုဋေနဲ့ချီပြီး တရားထူးရခဲ့တဲ့နေရာ.. အတိတ်ဘ၀တွေတုန်း က အရင်ဆုံး အစောဆုံး ပထမဆုံး ကုသိုလ်ကောင်းမှုတွေကို ပြုခဲ့ဖူးတဲ့ အရှင်ကောဏ္ဍည ပထမဆုံး တရားထူး ရခဲ့တဲ့နေရာဖြစ်လို့ လူသားတွေအနေနဲ့လည်း ပထမဆုံး တရားထူးရခဲ့တဲ့နေရာ.. အနတ္တလက္ခဏသုတ်ဟော ကြားအပြီးမှာ ပဉ္စ၀ဂ္ဂီငါးပါးလုံး ရဟန္တာဖြစ်ခဲ့လို့ ရဟန္တာစတင်ပေါ်ထွန်းခဲ့တဲ့နေရာလည်းဖြစ်ပါတယ်.. ဘုရားရှင် မိဂဒါဝုန်မှာ တစ်ဝါဆိုစဉ်အတွင်း ယသသူဌေးသားနဲ့သူငယ်ချင်း 54 ယောက် ရဟန္တာတွေဖြစ်ခဲ့ကြပြီး မိသားစုဝင် တွေလည်း တရားထူးတွေ ရရှိတော်မူခဲ့ပါတယ်.. ၀ါက္ဈတ်တဲ့အခါ ရဟန္တာ အပါး 60 ကို သာသနာပြုခရီးစတင်လွှတ်ခဲ့လို့ မိဂဒါဝုန်တောနေရာဟာ သာသနာပြု ဗဟိုဌာနချုပ်နေရာလည်းဖြစ်ခဲ့ပါတယ်.. နောင်ပွင့်မည့် အရိမေတ္တေယျ ဘုရားရှင်ဟာ ဗာရာဏသီမှာ ဖွားမြင်မှာဖြစ်လို့ ဗာရာဏသီမြို့ဟာ အဲဒီအချိန်မှာ ကေတုမတီမြို့ဆိုတဲ့အမည်နဲ့ ဘုရားလောင်းဖွားမြင်ရာနေရာ နဲ့ တရားဦး ဓမ္မစကြာ ဟောကြားရာနေရာအဖြစ် ပြန်လည်လှုပ်ရှား အသက်ဝင်နေဦးမှာပါ….

မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ (B.C 543 May) မှာ ဘုရားရှင်ဟာ ကုသိနာရုံမှာ ပရိနိ ဗ္ဗာန်စံတော်မူခဲ့ပါတယ်.. ကုသိနာရုံဟာ ရှေးရှေးတုန်းက ကုသ၀တီနေပြည်တော်ကြီးဖြစ်ခဲ့ဖူးပြီး ဘုရားလောင်း ကလည်း စကြ၀တေးမင်း ၇ ကြိမ်ဖြစ်ခဲ့ဖူးပါတယ်.. ဒါ့ကြောင့် ဘုရားရှင်အနေဖြင့် ကုသိနာရုံမှာ ခန္ဓာကိုယ်ချ ခြင်းသည် ၈ ကြိမ်မြောက်ဖြစ်ပြီး စကြ၀တေးမင်းစည်းစိမ်လည်း မမြဲကြောင်းကိုပြထားတဲ့ မဟာသုဒဿနသုတ် ကို ဟောကြားတော်မူလိုတာကြောင့်ရယ်.. နောက်ဆုံး သာဝက သုဘဒ္ဒ ကို တရားထူးရစေချင်တာကြောင့်ရယ်

စံတော်မူပြီးလို့ ကြွင်းကျန်ရစ်တဲ့ သရီရ ဓာတ်တော်တွေကို ဒေါဏပုဏ္ဏားက ငြိမ်းချမ်းစွာ ခွဲဝေပေးနိုင်ကြောင်း မြင်တော်မူတာရယ်ကြောင့် ကုသိနာရုံမှာ စံတော်မူခြင်းဖြစ်ပါတယ်.. မြောက်အရပ်သို့ ဦးခေါင်းပြု၍စံတော်မူခြင်းမှာ လာရောက်ဖူးမျှော်သူပရိသတ်များအတွက် မြောက်အရပ်သို့ ဦးခေါင်းပြု၍ ဖူးမျှော်အပုဇော်ခံခြင်းငှာ သင့်လျော် လျောက်ပတ်သောကြောင့်သာ ဖြစ်တယ်လို့ စာပေ ဆိုပါတယ်..

ကုသိနာရုံမှာ ရေကြည်တော်သုံးရာဌာနရယ် မဟာပရိနိဗ္ဗာနစေတီရယ်.. တေဇောဓာတ်လောင်ကျွမ်း ရာ အင်္ဂါရစေတီရယ်ကို ဖူးမျှော်နိုင်ပါတယ်.. မဟာပရိနိဗ္ဗာနစေတီတော်ကြီးရဲ့ မူလဒါယကာကို မသိရှိရသေးပေမယ့် လျောင်းတော်မူရုပ်ပွားတော်မြတ်ကိုတော့ အေဒီ ၅ ရာစုမှာ မထုရာမြို့မှ ဗိသုကာ ဒိန က ထုလုပ်ခဲ့ပြီး ဟရိဗလ ဆွာမိ က လှူဒါန်းခဲ့ကြောင်းဆိုပါတယ်..ခရစ် 1833 မှာ ရှာဖွေတွေ့ရှိခဲ့ပြီး ပေ 20 လောက်ရှိမယ်လို့ ခန့်မှန်းမိပါ တယ်…

ဖွား ပွင့် ဟော စံ ဆိုတာ သံဝေဇနိယလေးဌာနဖြစ်ပြီး ပွင့် ဟော မြဲနေ ဆင်းနတ်ပြည် ဆိုတာကတော့

ဘုရားရှင်တိုင်း မစွန့်တဲ့ အ၀ိဇဟိတ လေးဌာနပါ ..သာဝတ္ထိမြို့ ဇေတ၀န်ကျောင်း ဂန္ဓကုဋိ တိုက် ထဲက ဘုရားရှင်ကျိန်းစက်ရာ ကုတင်ခြေလေးချောင်းနေရာဟာ အ၀ိဇဟိတဌာနတစ်ခုပါ..ဇေတ၀န် အ၀င်မှာ အာနန္ဒာ ဗောဓိကို ဖူးတွေ့နိုင်ပါတယ်.. သစ်ပင်တစ်ပင်ဟာ နှစ် 2500 ကျော်အသက်ရှည်နိုင်ပါ့မလားဆိုတဲ့ ဒကာတစ် ယောက်ရဲ့အမေးကို လောကနိယာမ နဲ့ ဓမ္မနိယာမ ကိုမနှိုင်းယှဉ်အပ်ကြောင်း.. တချို့ကိစ္စတွေမှာ ယုံကြည်မှု မယုံကြည်မှုတွေကြောင့် ကုသိုလ်ရတာရှိသလို မရတာလည်းရှိကြောင်း .. ကုသိုလ်မရတာ ကိစ္စမရှိပေမယ့် အကုသိုလ်ရသွားရင်တော့ ကိစ္စရှိသွားပြီးဖြစ်ကြောင်း အာနန္ဒာဗောဓိအောက်မှာ နိယာမတရားငါးပါးအကြောင်း

နည်းနည်းပြောဖြစ်ခဲ့ပါသေးရဲ့…

ဘုရားရှင်ဟာ အနာထပိဏ်ရဲ့ဇေတ၀န်မှာ ၁၉ ၀ါ၊ ၀ိသာခါ ရဲ့ပုဗ္ဗာရုံ မှာ ၆ ၀ါ နဲ့ သာဝတ္တိမှာ၂၅ ၀ါ သီတင်သုံးခဲ့ပါတယ်.. ဇေတ၀န်ကို သွားရောက်ဖူးမျှော်နိုင်ပေမယ့် ပုဗ္ဗာရုံကတော့ အစိရ၀တီမြစ်အောက်ရောက် သွားသလိုလို ဟိုနားလိုလို ဒီနားလိုလို အဆင့်မှာပဲရှိပါသေးတယ်.. ဒါပေမယ့် ထိုင်း ဒေါက်တာ သီလရှင် ရဲ့ ခေတ်သစ်ဝိသာခါကျောင်းတိုက်ကတော့ နာမည်နဲ့လိုက်ပါပေရဲ့… သာဝတ္ထိမှာ ဒေ၀ဒတ် နဲ့ စိဉ္စမာနတို့ မြေမျိုတာ သူ့ထိုက်နဲ့သူ့ကံမို့ ၀မ်းနည်းစရာမကောင်းလှပေမယ့် ဘုရားရှင်နဲ့သက်တူရွယ်တူ ကောသလမင်း ကြီး ဘာတရားထူးမှရမသွားတာကတော့ ၀မ်းနည်းစရာကောင်းလှပါတယ်.. ဒါကလည်း ပါရမီနည်းခဲ့တဲ့ သူ့ထိုက်နဲ့သူ့ကံပါပဲလေ.. ဗိမ္ဗိသာရတို့များ ဘုရားလောင်းဘ၀ကတည်းက ရိုရိုကျိုးကျိုးလေးလေးစားစားနဲ့ သူ တော်ကောင်းမှန်းအကဲခပ်တတ်ခဲ့တယ်.. ဒါတောင် ဘုရားလောင်းထက် ၅ နှစ်ငယ်ပါတယ်.. ကောသလတို့ များ ဘုရားရှင်အစစ်ကြီးနဲ့တွေ့နေတာတောင် ဘုရားဟုတ်မှဟုတ်ရဲ့လား လုပ်သေးတာကိုး…

မြတ်ဗုဒ္ဓ ငါးဝါအရမှာ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးဟာ ထီးဖြူအောက်မှာပဲ လူဝတ်ကြောင်ဘ၀နဲ့ ရဟန္တာဖြစ်ကာ သက်တော် ၉၀ ကျော်မှာ ပရိနိဗ္ဗာန်စံတော်မူပါတယ်.. ဘုရားရှင် ၇ ၀ါအရမှာ ပုထုဇဉ်အဖြစ်နဲ့ သာရှိနေသေးတဲ့မယ်တော်နတ်သားကို တာဝတိံသာနတ်ပြည်မှာ ၀ါတွင်းသုံးလလုံး အဘိဓမ္မာတရားဟောကြား ကာ သောတာပန်တည်စေပြီး သီတင်းကျွတ်လပြည့်နေ့မှာ အရှင်သာရိပုတ္တရာ သီတင်းသုံးနေတဲ့သင်္ကဿနဂိုရ်

မြို့ကို ကြီးကျယ်ခမ်းနားစွာနဲ့ပြန်လည်ဆင်းသက်လာတဲ့အခါမှာ ဘုရားအသရေတော်ဟာတင့်တယ်လွန်းလို့ ဘု ရားဆု မပန်သူမရှိဘူးလို့ဆိုပါတယ်.. နတ်တွေကိုမြင်ရတဲ့ထိုပွဲမှာ ဘုရားရှင်ညာခြေတော်ချခဲ့နေရာကို အသော ကဘုရင်က အစလစေတီတည်ထားခဲ့ပေမယ့် အခုတော့တောင်ကုန်းအဖြစ်ပဲကျန်ရှိပါတော့တယ်.. ဘေးနားမှာ အသောကကျောက်တိုင်ကိုတွေ့မြင်နိုင်ပါတယ်.. နောက်ပြီးအရှင်သာရိပုတ္တရာကျောင်းတော်ရာနေရာကိုခပ် လှမ်းလှမ်းမှာတွေ့မြင်နိုင်ပြီး တူးဖော်ခြင်းမပြုရသေးပါဘူး..

အသောကမင်းရဲ့ပါဋလိပုတ်… လိစ္ဆ၀ီတို့ရဲ့ဝေသာလီတို့ကို လွမ်းမောစွာပြန်လည်မြင်တွေ့နိုင်သလို ပေး၍မကုန် လှူ၍မခန်း တဲ့ အမိတဘောဂသူဌေးကြီးများပေါ်ထွန်းရာ ရာဇဂြိုလ်ကလည်း တောင်ငါးလုံးအောက် မှာ လေ့လာကြည့်ရှုစရာတွေတပုံတပင်နဲ့သက်ဝင်လှပနေဆဲပါ.. ခရစ် 427 မှာ စတင်ပေါ်ထွန်းခဲ့ပြီး 1197 မှာ မွတ်ဆလင်တို့လက်ချက်နဲ့ပျက်စီးခဲ့ရတဲ့ အရှင်နာဂဇုနတည်ထောင်ခဲ့တဲ့ကမ္ဘာ့အစောဆုံးတက္ကသိုလ် နာလန္ဒာကိုလည်း သမိုင်းရုပ်ကြွင်းအဖြစ်တွေ့မြင်နိုင်ပြီး ဒီနယ်သားတွေဖြစ်တဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်တို့ကို တသ သ သတိရစေမယ့်နေရာတွေပါ.. ရာဇဂြိုလ်မြို့မှာ ပထမဆုံး ကျောင်းဖြစ်တဲ့ ဝေဠုဝန်ကျောင်းတော်ပေါ်ထွန်းခဲ့ပြီးပထမဆုံးသင်္ဂါယနာတင်ရာသတ္တပဏ္ဏိလှိုဏ်ဂူကိုလည်းတွေ့မြင်နိုင်ပါတယ်..ဗိမ္ဗိသာရ.. ဇီဝက.. အဇာတသတ် နဲ့ ဒေ၀ဒတ်တို့ကိုလည်း ၀မ်းသာဝမ်းနည်း ပြန်လည်သတိရစေမယ့်နေရာတွေဖြစ်ပါတယ်.. ဒေ၀ဒတ်တို့ အဇာတသတ်တို့ ဘယ်လိုပင်ဆိုးခဲ့သည်ဆိုစေဦး သူတို့တွေက တစ်ချိန်မှာ ပစ္စေကဗုဒ္ဓတွေအဖြစ်နဲ့ကျိန်းသေကျွတ် တမ်းဝင်မယ့်ပုဂ္ဂိုလ်တွေပါ.. သူတို့ကို လူဆိုးကြီးတွေအဖြစ်ရှုမြင်နေကြတဲ့ငါတို့ကတော့ ဘယ်တော့များမှာမှ ကျွတ်တမ်းဝင်ကြမှာလဲလို့ ကိုယ့်ကိုယ်ကိုပြန်မေးရင်း သံဝေဂရနေပါတော့တယ်……။ ဒီဆောင်းပါးနဲ့ပါတ်သက်ပြီးမေးမြန်းသမျှကိုစိတ်ရှည်စွာနဲ့ အကြံဥာဏ်ပေးသော သူငယ်ချင်း အရှင်ဝိစိတ္တ(ဓမ္မာစရိယ) MA ကို အထူးပဲကျေးဇူးတင်ပါတယ်။ စာဖတ်ပရိတ်သက်များလဲ ဒီဆောင်းပါးနှင့်ပါတ်သက်ပြီး ဓမ္မသဘောတရားလေးများ မသိတာ မရှင်းတာရှိခဲ့ရင် အပြုသဘောဆာင်ပြီး ဆွေးနွေးနိုင်ပါကြောင်း ပြောကြားလိုပါတယ်။

အရှင်ကေလာသ(သာစည်) MA မဂဓ တက္ကသိုလ်။

အပြစ်မြင်ခြင်း မမြင်ခြင်း

အပြစ်မြင်ခြင်း မမြင်ခြင်း



ရှင်အာနန္ဒာကို ပေဿနဒီကောသလမင်းက '' ဘုရားမှာ တစ်ပါးသူတွေကိုအပြစ်တင်မယ့် ကိုယ်.နှုတ်.စိတ်.အကျင့်တွေရှိသေးလားလို့ မေးလျှောက်လို့ '' မရှိတော့ဘူး'' လို့ဖြေတဲ့အခါမှာ မင်းကြီးက ဘာပြောတယ်မှတ်လဲ။ '' မိုက်မဲကြတဲ့သူတွေဟာ သူတစ်ပါးရဲ့ဂုဏ်နဲ့ ဂုဏ်ကျေးဇူးမဲ့တို့ကို မစူးစမ်း မဆင်ခြင်ဘဲနဲ့ ပြောဆိုတတ်ကြတယ်။ သူတို့ပြောဆိုတဲ့စကားတွေဟာ အနှစ်သာရအားဖြင့်မရှိ၊ ပညာရှိလည်း မယုံကြည်ကြပါဘူးတဲ့။ ပညာဥာဏ်ရှိတဲ့ လူလိမ္မာတွေကတော့ စူးစမ်းဆင်ခြင်ပြီးမှ ပြောဆိုတတ်ကြတယ်တဲ့။ အနှစ်သာရလည်း ရှိကြပါတယ်...တဲ့။" ညီလေး ညီမလေးတို့ကိုပြောချင်တာကတော့ စကားပြောဆိုတော့မယ်ဆိုရင် စူးစမ်းဆင်ခြင်ပြီးမှ ပြောစေချင်တယ်။ ကိုယ်ပြောတဲ့စကားကို အနှစ်သာရရှိအောင် ပြောစေချင်တယ်။ တရုပ်ပညာရှိကွန်ဖြူးရှပ်က ပြောခဲ့တယ်။ '' သဘောထားသေးသိမ်သူများသည် သူတစ်ပါးအပြစ်ကိုသာ မြင်တတ်သည်။ သဘောထားပြည့်ဝသောသူသည်ကား မိမိအပြစ်ကိုသာမြင်သည်။ ထို့ထက်ပိုရ်ျ သဘောထားပြည့်ဝသူသည်ကား မည်သူ့ကိုမျှ အပြစ်မမြင်တော့ဘူး'' တဲ့။ ညီလေး ညီမလေးတို့ကို သဘောထားပြည့်ဝစေချင်တယ်။ ဒါမှ ညီလေး ညီမလေးတို့ဟာ ဘယ်သူ့ကိုမှ အပြစ်မမြင်တတ်တဲ့သူတွေဖြစ်မှာပေါ့။ ဟုတ်ပြီလား

ညီလေး ညီမလေးတို့ကို အရမ်းချစ်လို့ပြောတယ်လို့မှတ်ပါနော်...........။

အရှင်ကေလာသ(သာစည်) MA မဂဓ တက္ကသိုလ်

ဘဝတက္ကသိုလ်.....

ဘဝတက္ကသိုလ်.....

ညီလေး ညီမလေးတို့ရေ..........

မြတ်စွာဘုရားက မိန့်တော်မူထားတာတယ်လေ လောကကြီးက အားလုံးသော ပုဂ္ဂိုလ် သတ္တဝါတွေအတွက် ဆရာတဲ့။ ဘုရားပြောတာလေးကိုပြောပြမယ်နော်။`““ လောကော သတ္တာန မာစေရော၊ အတ္ထာနတ္ထ ပဒဿကော`”” တဲ့။ `““ လောကကြီးဟာ သတ္တဝါတွေအတွက် အကျိုး အပြစ်ကို ညွှန်ပြနေတဲ့ ဆရာကြီးဖြစ်တယ်`”” ဆိုတာကြားဖူးတယ်မဟုတ်လား။ နီတိကျမ်းတွေထဲမှာလည်း ဒီသဘောမျိုး ဆုံးမတာတွေ အများကြီးရှိပါတယ်။ စာဏကျနီတိကျမ်းဆိုရင်- ခြင်္သေ့ဆီက သားကောင်ဖမ်းတဲ့အခါ ကြီးကြီး ငယ်ငယ် စွမ်းအားမလျှော့ဘူးဆိုတဲ့ အတတ်ပညာတစ်ခုကို ယူရမယ်တဲ့။ “ ဗျိုင်းဆီက သူ ငါးဖမ်းတဲ့အခါ အာရုံ တခြားမပျံ့လွင့်စေဘဲ စူးစူးစိုက်စိုက် တည်တည်ငြိမ်ငြိမ် စောင့်ဖမ်းတဲ့ အတတ်ပညာတစ်ခု ယူရမယ်တဲ့။ `“ ခွေးများဆီက အရှင်သခင်ရဲ့ အလိုကို သိတတ်ခြင်း၊ကျွေးသမျှနဲ့ ရောင့်ရဲခြင်း၊အိပ်လွယ်ခြင်း၊နိုးလွယ်ခြင်း၊အရှင်သခင်ကို ခယဆည်းကပ်တတ်ခြင်း၊ရောင့်ရဲလွယ်ခြင်းဆိုတဲ့ အတတ်ပညာ ခြောက်မျိုးကို ယူရမယ်တဲ့။ `“ မြည်းဆီက ဘယ်လောက် အလုပ် လုပ်ရလုပ်ရ မပင်ပန်းခြင်း၊အချမ်းအပူကို မမှုခြင်း၊ရောင့်ရဲလွယ်ခြင်း ဆိုတဲ့ အတတ်ပညာ သုံးမျိုးကို ယူရမယ်တဲ့။ “ ကျီးကန်းဆီက လျှို့ဝှက်တဲ့နေရာမှာသာ ကာမဂုဏ်ကို ခံစားခြင်း၊အရေးကြုံတဲ့အခါ စုပေါင်းညီညွတ်ခြင်း၊

ဘယ်တော့မှ မမေ့မလျော့ဘဲ ရန်သူက အငိုက်ဖမ်းလို့ မရအောင် နေခြင်း၊ မပျင်းမရိခြင်း ဆိုတဲ့ အတတ်ပညာ လေးမျိုး။ “ ကြက်ဖဆီက တိုက်ခိုက်တတ်ခြင်း၊စောစောထခြင်း၊တွန်ချိန်တန်ရင် တွန်ခြင်း၊ ဆွေမျိုးများနဲ့ အတူတကွ စားသောက်ခြင်း၊ကြက်မ ဒုက္ခရောက်ရင် ကူညီစောင့်ရှောက်ခြင်းဆိုတဲ့ အတတ်ပညာလေးမျိုး။ အဲဒါတွေဟာ တိရစ္ဆာန်များဆီက လူတွေ သင်ယူသင့်တဲ့ အတတ်ပညာတွေလို့ ညွှန်ပြထားတာ ရှိတယ်။ ညီလေး ညီမလေးတို့...........

`“ယူတတ်တဲ့ အသိဥာဏ် ရှိသူအတွက် သက်ရှိ သက်မဲ့ လောကကြီးတစ်ခုလုံးဟာ အတတ်ပညာစုံကို သင်ပြပေးနေပြီ အခကြေးငွေလည်း မပေးရ၊ အမြဲတမ်းလည်း ဖွင့်ထားတဲ့ တကယ့်တက္ကသိုလ်ကြီးပဲပေါ့။ ရှေးကနီတိကျမ်းတွေကိုပြုစုခဲ့တဲ့ ပညာရှိကြီးတွေဆိုတာလည်း လောကကြီးကပေးတဲ့ အတတ်ပညာတွေကို သူတို့က ယူတတ်တဲ့ဥာဏ်နဲ့ယူပြီး တစ်ဆင့်ညွှန်ပြပေးကြတာပဲပေါ့။ တစ်စက်တစ်စက်ကျတဲ့ ရေတွေကြောင့် အိုးကြီးပြည့်လာတာ၊ မြေကြီး တစ်မှုန့်ချင်းကိုစုပြီး ခြတောင်ပို့တွေ တည်တာကိုကြည့်ပြီး စီးပွားရေး၊ ပညာရေးအတွက် ညွှန်ပြခဲ့တာတွေကိုကြည့်ရင် လောကတက္ကသိုလ်ကြီး ဘယ်လောက်ကြီးကျယ်ပြည့်စုံတယ်ဆိုတာ ခန့်မှန်းသာကြည့်ပေါ့ ညီလေး ညီမလေးတို့ရေ......။

အရှင်ကေလာသ(သာစည်) MA မဂဓ တက္ကသိုလ် အိန္ဒိယ။

ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါတော် ဝါဆိုလမြတ်နှင့် ဝါကပ်သံဃာတော်

ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါတော်
ဝါဆိုလမြတ်နှင့် ဝါကပ်သံဃာတော်

အုံ့မှိုင်းငယ်တဲ့၊ နယ်ရှစ်ခွင်
ငွေစန်း အာသဠှီနှင့်၊
ယှဉ်ကာမှီ ပုဏာပြည့်တယ်၊
ထွန်းသည့်ဝေဟင်။
နဘံမှာ ပြာမှိန်ခပါလို့
ဝသန္တာ ခါချိန်စမှာမို့
နာဂိန်ပ တာရာဆင်
အာကာခွင်က ပဇ္ဇုန်ဖျန်း။
ပဉ္စင်းတော်ခံ
မယွင်းနော် အခါတန်ပေါ့
မဟာဒါန် အဌင်္ဂငယ်နှင့်
ဘဂဝါ အရဟံ ရင်ပြင်ဝမှာလ
တင်သရန် မာလာကုံးကြတယ်
ပုန်းညက်ငွေပန်း။

မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် ခရစ်နှစ်၂၀၁၁ခုနှစ် ယခုနှစ် ဇူလိုင်လ ၁၅-ရက်နေ့တွင် ဝါဆိုလပြည့် ပါတော့မည်။ မြန်မာပြက္ကဒိန်အရ လေးနှစ်တိုင်း ဝါတစ်ခါ ထပ်သဖြင့် ပထမဝါဆို၊ ဒုတိယဝါဆိုဟု ခွဲခြားထားရသည်။ သို့တိုင် ဝါထပ်နှစ်တိုင်း ဒုတိဝါဆိုကိုသာ ဝါဆိုလပြည့်နေ့ဟု သတ်မှတ်ကြသဖြင့် (ပထမ ဒုတိယ ခွဲမနေဘဲ) ဝါဆိုလပြည့်ဟုသာ ရိုးရိုး ပင်သတ်မှတ်ကြသည်။
ဝါဆိုလသည် အရပ်ရှစ်မျက်နှာတိုင်း မိုးသားတို့ဖြင့် အုပ်ဆိုင်းသော အချိန်သမယ ဖြစ်သည်။ အာသဠှီနက္ခတ်နှင့် ယှဉ်သော ဂြိုလ်ခွင်ကာလ ဖြစ်သည်။ ဝဿန္တ မိုးလေးလတို့၏ ဥတုအစ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး မိုးချုန်းသံတို့ဖြင့် တဂျိန်းဂျိန်း မြည်သံပေးသော အခါသမယ ဖြစ်သည်။ ရဟန်းခံ ရှင်ပြုသော ကာလ ဖြစ်သည်။ အဖြူရောင် ပုန်းညက်ပန်းတို့ ပွင့်လန်းရာ ရာသီဦး ဖြစ်သည်။

မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။ ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်းသံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အတင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။

ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည့် ကျွန်ုပ်တို့သည် ဝါဆိုလပြည့်နှင့် သက်ဆိုင်သည့် ဗုဒ္ဓဝင် အချက်အလက် များကို သိရှိထားကြသည်။ ကျက်မှတ်ထားကြသည်။ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ နှုတ်တက်နေကြသည်။ ဗုဒ္ဓရှင်ဘုရား ပဋိသန္ဓေ တည်တော်မူခြင်း၊ ထွက်တော်မူ နန်းက ခွါခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာ ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့သည်။ ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်နိုင်ပေသည်။





ဓမ္မစကြာတရားဦးဟောကြားနေပုံ
ဝါဆိုလမြတ်
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အဖြစ်လည်းကောင်း၊ သံဃာတော်များ ဝါကပ်သည့်နေ့ အဖြစ်လည်းကောင်း လူသိများကြသည်။

တကယ်တမ်း စီစစ်ကြည့်ပါမူ အထက်ပါ ကျွန်ုပ်တို့ နှုတ်တက်နေသော ကဗျာလင်္ကာအတိုင်း ဗုဒ္ဓရှင်တော်ဘုရား မယ်တော်မဟာမာယာဒေဝီ ဝမ်းကြာတိုက်သို့ ပဋိသန္ဓေ ယူတော်မူသည့်နေ့၊ နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်တော်မူသည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိကာ တရားဦး ဓမ္မစကြာ ဟောကြားတော်မူသောနေ့တို့သည် ဝါဆိုလပြည့်နေ့တွင် ဖြစ်ကြပါသည်။ သို့သော်လည်း တရားဦး ဓမ္မစကြာ ဟောကြားသောနေ့ကိုသာ အဖျားဆွတ် ယူလိုက်ခြင်းဖြစ်သည်။ လူအဖြစ်သို့ မရောက်ရှိဘဲ၊ ဘုရားအဖြစ်သို့ မရရှိဘဲနှင့် ဓမ္မစကြာ တရားတော်ကို ဟောတော်မမူနိုင်။ ထိုကြောင့်လည်း ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့အဖြစ် (ရလာဒ်ကိုကြည့်) သတ်မှတ်ခြင်းသည် သင့်တော်သော သတ်မှတ်ချက်ဟု ဆိုနိုင်ပါသည်။

ပထမဦးဆုံး ဓမ္မစကြာ (ဓမ္မစက္ကပဝတ္တနသုတ်) တရားတော်ကို ပဉ္စဝဂ္ဂီ ၅-ဦးတို့အား ဟောကြားခြင်း သည်လည်းကောင်း၊ တရားတော်၏ အနှစ်ချုပ်ဖြစ်သော အစွန်း ၂-ပါးလွတ် အလယ်အလတ်လမ်း ကျင့်စဉ်ကိုလည်းကောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပြီး ဖြစ်သည်။ သို့သော် ဤတရားဦးမှ ခန္ဓာ ၅-ပါးအကြောင်းနှင့် သစ္စာ ၄-ပါးတို့အကြောင်းကို လူသားတို့အား ပထမဦးဆုံးအဖြစ် ဗုဒ္ဓဂေါတမ တစ်ပါးသည်သာ မိတ်ဆက်ပေးနိုင်ခဲ့သည်ကိုကား လူသိနည်းလှပါသည်။ ဗုဒ္ဓမှတပါး အခြား မည့်သည့်ဆရာကမှ ဤအဆန်တရားတော်ကို ဟောကြားခြင်း မရှိသေး။

ဒုတိယ တရားတော် ဖြစ်သော အနတ္တလက္ခဏသုတ်တွင်လည်း မိမိသည် မရှိ၊ ငါ၊ သူတစ်ပါး၊ ယောင်္ကျား၊ မိန်းမ မရှိ၊ ခန္ဓာ ၅-ငါးတို့၏ အစုအဖွဲ့မျှသာဟု ရဲဝံ့စွာ ထုတ်ဖော်ခဲ့ပြန်သည်။ ငါ၊ ငါ ဟူ၍ လူသားတိုင်း လက်ခံထားသည့် အချိန်တွင် “အနတ္တ-ငါမရှိ”ဟု ထုတ်ဖော် ဟောကြားခဲ့ခြင်းသည် အဆန်တရားတော်ကို ဟောကြားခြင်းဖြစ်သကဲ့သို့ လူအကြိုက်ကို မလိုက်၊ အမှန်တရားကိုသာ လက်ကိုင်ထား ဟောကြားသည့် တရားတော်လည်း ဖြစ်သည်။ ထိုကြောင့်လည်း ဗုဒ္ဓ၏ ပထမခြေလှမ်း ဤတရားတော် ၂-ပုဒ်သည် လောကကြီး တစ်ခုလုံးကို ပွက်လောစေခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် ပထမဦးဆုံး စတင်ကျင့်သုံးရမည့် ပထမခြေလှမ်း အခြေခံတရားတော် တစ်ကွက်ဟုလည်း ဆိုနိုင်သော တရားတော်များ ဖြစ်သည်။
ဝါကပ် သံဃာတော်
သံဃာတော်တိုင်း (ဝါထပ်ပါက ဒုတိယ) ဝါဆိုလပြည့်နေ့တွင် ဝါကပ်တော်မူကြရပါသည်။ ဝါကပ်ခြင်းကို ဝါဆိုခြင်း၊ ဝါဝင်ခြင်းဟုလည်း ခေါ်ဝေါ်ကြသည်။ ဝါကပ်ခြင်း အဓိပ္ပါယ်မှာ ဝါတွင်းသုံးလပတ်လုံး အရေးကြီးသော ကိစ္စရပ် ငါးခုမှ အပ ကျောင်းတိုက်တစ်ခု၏ အရာမ် (ဝင်း) အတွင်းတွင်သာ ညဉ့်အိပ်ညဉ့်နေ သီတင်းသုံး (ကပ်နေရ) ခြင်းကို ဆိုလိုသည်။ ပါဠိဝေါဟာရ “ဝဿံ ဥပေမိ - ကျွန်ုပ် ဝါကပ်ပါ၏ ” ဟု အဆိုရှိသဖြင့် ဥပ-သဒ္ဒါကို ဆည်းကပ်ခြင်း၊ ကပ်ခြင်းဖြင့် အဓိပ္ပါယ် ဖွင့်ထားသည်။

ဝါဆိုလပြည့်နေ့တွင် ဝါကပ်ရမည်၊ ဝါဆိုရမည်ဟု သာမန် ဆိုလိုက်သော်လည်း အမှန်ကား ဝါဆိုလပြည့်ကျော် ၁-ရက်တွင်မှ ဝါကို စတင် ကပ်ရ၊ ဝင်ရခြင်း ဖြစ်သည်။ ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည့်အားလျှော်စွာ မိမိ အမှန်တကယ် သီတင်းသုံးရမည့် ကျောင်း (သို့မဟုတ်) ကျောင်းတိုက်အတွင်း အသင့်ရှိနေရမည်ကို ရည်ရွယ်ကာ ဝါဆိုလပြည့်နေ့တွင် ဝါကပ်မည်ဟု သာမန် ဆိုလိုက်ခြင်း ဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပြုရမည်ကို နောက်ပြန် တွက်ချက်ခြင်းအားဖြင့် ဝါဆိုလပြည့်ကျော် ၁-ရက်တွင် ဝါကပ်မှသာလျှင် သုံးလအတိ ပြည့်မည် ဖြစ်သောကြောင့်တည်း။ ပါဠိအလို “တေ မာသံ - သုံးလ” ဟု လာရှိသည်။

ရဟန်း သံဃာတော်တိုင်း ဝါမကပ် မနေရ၊ ကပ်ကို ကပ်ရမည်ဟု ပညတ်ချက်ရှိသည်။ ဗုဒ္ဓမြတ်စွာ ရာဇဂြိုဟ်မြို့၊ ရှဥ့်များကို အစာကျွေးရာ ကလန္ဒကနိဝါပ ဥယျာဉ်၊ ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးစဉ် သံဃာတော်များအား မိုးတွင်းသုံးလ ဝါကပ်ကြရန် ပညတ်ချက် ထားတော်မူသည်။ ပညတ်တော်မူရခြင်း အကြောင်းရင်းကား ဤသို့တည်း။

ရဟန်းတော်များသည် မြတ်စွာဘုရား၏ သာသနာပြု အဓိဌာန်ဖြစ်သော “မာ ဧကနေ ဒွေ- လမ်းတစ်ကြောင်းတည်း နှစ်ပါးမသွားပါနှင့် ” အလိုတော်အရ သာသနာပြုခရီး ကြွချီကြသည်။ နေ့မရွေး၊ ညမနား၊ နေမိုးကို အန်တု၊ ဆောင်းကို မမှု သာသနာပြု စိတ်ဓာတ်ဖြင့် အရပ်အရပ် အရွာအရွာသို့ လှည့်လည်ကာ အသိအမြင် မပွင့်လင်းသေးသော သူတို့အား ဗုဒ္ဓတရားတော်များ ပြန့်ပွါးအောင် ပြောဆိုဆုံးမ သွန်သင်ကြသည်။ သို့ဖြင့် ရာသီမရွေး ခရီးထွက်ကြသည်။ နွေရာသီ၊ ဆောင်းရာသီတို့တွင် ခရီးထွက်သည့်အခါ ကိစ္စမရှိ။ လမ်းခရီးများ ခြောက်သွေ့နေသဖြင့် ခရီးထွင်သည်။ ကြွလိုသည့် လမ်းခရီးကို အလွယ်တကူနှင့် အမြန်ရောက်နိုင်သည်။ သို့သော် မိုးတွင်းကာလတွင် ခရီးထွက်သည့်အခါ ပြဿနာ ရှိနိုင်သည်။ လမ်းခရီးတွင် ရွံနွံဗွက်အိုင်တို့ဖြင့် ပြည့်နှက်နေမည်။ ချောင်းမြစ်အင်းအိုင်တို့တွင် ရေဖြင့် ပြည့်လျှံနေမည်။ ထိုအခါ ကွေ့ရ ပတ်ရမှ သွားနိုင်သကဲ့သို့၊ မြေဖို့ထားသော လယ်ကန်သင်းကို လမ်းအဖြင့် အသုံးပြုကာ သွားရမည်လည်း ရှိနိုင်ပေသည်။ လယ်ယာလုပ်သည့်ကာလ ဖြစ်သည့်အလျှောက် လယ်သမားများက သူတို့ ဖို့ထားသည့် ကန်သင်းကို ဖြတ်သန်းသွားလာနေသည်မှာ ကြိုက်မည်မဟုတ်။ ဘာသာခြား လယ်သမားဆို ပိုပင် ဆိုးမည်။

ထိုကြောင့် ခရီးသွားသည့်ရဟန်းကို မြင်တိုင်း ကဲ့ရဲ့ပြစ်တင်ကြသည်။ “သာကီဝင်နွယ်ဖြစ်တဲ့ ရဟန်းတွေများ နွေမိုးဆောင်း မရှောင် ခရီးသွားနေကြတာပဲ။ စိမ်းလန်းတဲ့ ကောက်တွေကို ဖျက်စီးပစ်ကြလိုက်တာ၊ ပိုးမွှားတွေကို ဖြတ်နင်းသတ်လိုက်ကြတာ။ စွတ်စိုတဲ့ကာလမှာတောင် တစ်နေရာထဲ နေဖို့ မကြိုးစားကြချင်ဘူး။ ကျေးငှက်သာရကာတွေတောင် မိုးတွင်းကာလရောက်ရင် အသိုက်အမြုံ အကျအန ဆောက်ပြီး နေကြသေးတာပဲ။ ဒီရဟန်းတွေက ခရီးထွက်ဖို့ပဲ စိတ်ကူးနေကြတာ” အစရှိသည့် စကားတို့ဖြင့် ကဲ့ရဲ့ကြသည်။ အပြစ်တင် ကြသည်။ ဝေဖန်ကြသည်။

ဤအမနာပ စကားသံတို့သည် ဗုဒ္ဓဘုရားထံ တိုက်ရိုက်ရောက်လာသည့်အခါ အများ၏ အကြည်ညိုခံ ရဟန်းတော်များအတွက် သာသနာပြုလမ်း ဖြောင့်တန်းရေးအတွက် ဝါကပ်ကြရန် ပညတ်ချက် ထားတော်မူရသည်။ ပညတ်ချက်အပေါ်တွင် အကျိုးခံစားခွင့်လည်း ဗုဒ္ဓက ဖွင့်ပေးထားသည်။ ကထိန်သင်္ကန်း ဆက်ကပ်သည့် အလှူရှင်ပေါ်လာသည့်အခါ ဝါတွင်းသုံးလအတွင်း ဝါမကျိုးသော (ကျောင်းပြင်ပသို့ မထွက်ဘဲ ထိန်းနိုင်သော) ရဟန်းတော်များအတွက် ကထိန်အနိသင် ၅-မျိုး ခံစားခွင့်ရကြသည်။

မြန်မာပြက္ကဒိန်အရ လေးနှစ်ရောက်တိုင်း ပထမဝါဆို ဒုတိယဝါဆို ဟူ၍ ခွဲခြားထားသော်လည်း သံဃာတော်များ၏ ပထမဝါဆို ဒုတိယဝါဆိုမှာ ပြက္ကဒိန်အလို မဟုတ်ပါ။ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ဝါဆို ဝါဝင် ဝါကပ်သော ရဟန်းတော်များကို ပုရိမ-ဝါဆို ပုရိမ-ဝါဝင် ပုရိမ-ဝါကပ် (အရပ်သုံးစကား- ပထမ-ဝါဆို၊ ပထမ-ဝါဝင်၊ ပထမ-ဝါကပ်) ဟူ၍ ခေါ်ပြီး၊ အကြောင်းကြောင်းကြောင့် ဝါခေါင်လပြည့်ကျော် ၁-ရက်တွင်မှ ဝါဆို ဝါဝင် ဝါကပ်နိုင်သော သံဃာတော်များကို ပစ္ဆိမ-ဝါဆို ပစ္ဆိမ-ဝါဝင်၊ ပစ္ဆိမဝါကပ် (အရပ်သုံးစကား- ဒုတိယ-ဝါဆို၊ ဒုတိယ-ဝါဝင်၊ ဒုတိယ-ဝါကပ်) ဟူ၍ သတ်မှတ်သည်။

ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ဝါဆို ဝါဝင် ဝါကပ်သော သံဃာတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် သုံးလပြည့်၍ ဝါကျွတ်သည်။ ပဝါရဏာပြု ရသည်။ ကထိန်အကျိုး ၅-မျိုး ခံစားခွင့် ရသည်။ ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့တွင်မှ ဝါဆို ဝါဝင် ဝါကပ်သော သံဃာတော်များသည် တန်ဆောင်မုန်းလပြည့်နေ့တွင် သုံးလပြည့်၍ ဝါကျွတ်သည်။ ပဝါရဏာပြု ရသည်။ ကထိန်အကျိုး ၅-မျိုး ခံစားခွင့် ဆုံးရှုံးသည်။

ဝါပန်ခြင်းနှင့် ဝါကျိုးခြင်း
ဝါဆိုဝါကပ်ထားတဲ့ ရဟန်းတော်များဟာ ဝါတွင်းကာလမှာ တခြားနေရာအရပ်ဒေသသို့ ညအိပ်ညနေ ကြွသွားလို့ မရပါဘူး။ နေ့လည်နေ့ခင်း နောက်နေ့ အာရုဏ်မတက်မီ ကျောင်းကိုပြန်ရောက်နိုင်ရင်တော့ ကြွလို့ရပါတယ်။ ဒါပေမယ့် အကြောင်းကိစ္စရှိလို့ မဖြစ်မနေ ကြွရောက်ရမယ့် ကိစ္စပေါ်ပေါက်လာပါက ဝါပန်ပြီး ခုနှစ်ရက် ကြွလို့ရပါတယ်။ ခုနှစ်ရက်ထက်ပိုပြီး ကြွလို့မရပါဘူး။ ကျော်လွန်ပါက အာပတ်သင့်ပါတယ်။ ဝါပန်တယ်ဆိုတာ ခုနှစ်ရက်အတွင်း မိမိဝါဆိုဝါကပ်ပြုထားသည့် ကျောင်းကိုပြန်လည်ကြွရောက် ပါမည့်အကြောင်း အဓိဋ္ဌာန်ပြုခြင်းကို ဝါပန်တယ်လို့ ဆိုပါတယ်။ ဝါဆိုဝါကပ်ပြုပြီး ဝါမပန်ဘဲ ကြွသွားခဲ့မိသော် သို့မဟုတ် ခုနှစ်ရက်ထက် ကျော်လွန်သွားခဲ့သော် ဝါကျိုးပါတယ်။

ဝါကျိုးခြင်းနှင့် ဝါအရေအတွက် မရခြင်း
ဝါကျိုးတယ်ဆိုတာ ဝိနည်းဥပဒေ မလိုက်နာမိ၍ ဥပဒေ ကျိုးပျက်သွားခြင်းဖြစ်ပြီး ဒုက္ကဋ်အာပတ်သင့်ခြင်းကို ဆိုပါတယ်။ တစ်ချို့က ဝါကျိုးရင်ကိုပဲ ဝါမရဘူး ဒီကျိုးတဲ့ ဝါကို ဝါအရေအတွက်ထဲ ထည့်ရေလို့မရဘူးလို့ ထင်တတ်ပါတယ်။ ရေတွက်လို့ရပါတယ်။ ဝါကျိုးပျက်လို့ အာပတ်သင့်ခြင်း၊ ကထိန်ခံခွင့် မရခြင်းပဲ ရှိပါတယ်။ ဝါအရေအတွက်လျော့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဝါကျိုးပျက်တိုင်းလည်း အာပတ်မသင့်ပါဘူး။ အန္တရာယ်တစ်စုံတစ်ခု ကျရောက်ဖြစ်ပေါ်ခြင်း သံဃာကွဲခြင်းကြောင့် ဝါဆိုဝါကပ်ပျက်ခြင်း ဝါကျိုးခြင်း ဖြစ်တဲ့အခါ ဒီဝါပျက်ဝါကျိုးခြင်းကြောင့် အာပတ်မသင့်ပါဘူး။
ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိတဲ့ သင်္ကန်းကို စာပေကတော့ ဝဿဝါသိကစီဝရလို့ ခေါ်ပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင် မိုးရေခံသင်္ကန်းလို့ အဓိပ္ပါယ်ရပါတယ်။ ဝိသာခါ ဒါယိကာမကြီးရဲ့ တောင်းဆိုချက်ကြောင့် မြတ်စွာဘုရားရှင်က ဒီသင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူပါတယ်။ ဒီသင်္ကန်းလှူဒါန်းမှုမှာ တစ်ချို့က ဝါမဆိုခင်ပဲ လှူဒါန်းလို့ ရတယ်လို့ ထင်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။ ဝါမဆိုခင်ရော ဝါဆိုနေတဲ့ ဝါတွင်းအချိန်မှာရော ကြိုက်သလောက် ကြိုက်သလို လှူဒါန်းနိုင်ပါတယ်။ ကထိန်သင်္ကန်းနဲ့ မတူတဲ့အချက်က ကထိန်သင်္ကန်းကတော့ ကာလသတ်မှတ်ချက် ကျောင်းသတ်မှတ်ချက်စတာတွေ ရှိပါတယ်။ ဝါဆိုသင်္ကန်းကတော့ အဲလိုသတ်မှတ်ချက်မရှိဘဲ ဝါမဆိုခင်ရော ဝါတွင်းမှာရော ကြိုက်သလို လှူနိုင်တဲ့အချက်ပါ။ များသောအားဖြင့် ဝါမဆိုခင်မှာ လှူကြတာများပါတယ်။ အဲဒါမှ ဝါတွင်းမှာ ဒီသင်္ကန်းကို ဝတ်ရုံပြီး မိုးစိုတဲ့သင်္ကန်းကို အလဲအလှယ် လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကအာရုံပြုပြီး အချိန်မရွေး လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဝါတွင်းသုံးလပတ်လုံး (ပုရိမ+ ပစ္ဆိမနှစ်မျိုးလုံး) ဝါဆို ဝါဝင် ဝါကပ်ထားသော သံဃာတော်များတို့သည် ကိစ္စကြီး ၅-ရပ် ပေါ်ပေါက်လာပါက ဝါတွင်းကာလ ခရီးထွက်ခွင့် ရပါသေးသည်။ သို့သော် ဝါပန်ရမည်။ ၇-ရက်၊ ၇-ည မပြည့်မီ (၆-ရက်၊ ၆-ည) ကာလအတွင်း ဝါကပ်ထားသည့် ကျောင်းကို အရောက် ပြန်လာရမည်ဟု အဓိဌာန်ပြု ရွတ်ဆိုရမည်။ ဤကာလအတွင်း မူလဝါဝင်ကျောင်းကို ပြန်မရောက်ပါက ဝါကျိုးသည် ဝါပျက်သည်ဟု ခေါ်ဆိုသည်။ ဝါ-အရေအတွက် ကျိုးသွားသည်၊ ပျက်သွားသည်ဟု မမှတ်ယူဘဲ၊ ကထိန်အနိသင်သာ မရရှိခြင်း ဖြစ်သည်။ ဝါကျိုး၊ ဝါပျက်သော်လည်း သိက္ခာတော် ၁-ဝါ၊ ၂-ဝါ ရေတွက်နိုင်ပါသည်။ ထိုကြောင့် ဝါတွင်း၌ သံဃာတော်များ ညအိပ် ခရီးမထွက်ရဟု ပုံသေ တွက်မထားကြပါရန်နှင့် ဝါတွင်းကာလ ခရီးထွက်နေသော ရဟန်းတော်များကိုလည်း အပြစ်မမြင် ကြရန် လိုအပ်လှပေသည်။


ရှေးခေတ် ရဟန်းတော်များ ခရီးထွက်ရသည်မှာ “သာသနာပြုခရီး ကြွချီကြလော့” ဟူသော မြတ်ဗုဒ္ဓ၏ စကားတော်ကို လိုက်နာနေကြခြင်း ဖြစ်သည်။ ပြန်ပြောင်း တင်ပြရမည် ဆိုသော်-
ဝါဆိုလပြည့်ညတွင် တရားဦးဓမ္မစကြာ နာကြားပြီးသည့်နောက် ပဉ္စဝဂ္ဂီငါးပါးအစုတွင် အကြီးဆုံးဖြစ်သော ကောဏ္ဍညထေရ် သောတာပန် တည်သည်။ ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ဒုတိယ တရားတော်ဖြစ်သည့် အနတ္တလက္ခဏသုတ်တော်ကို နာကြားပြီးနောက် ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာ ဖြစ်ကြသည်။ ဘုရားအပါအဝင် လူသား ၆-ဦး ရဟန္တာ ဖြစ်ကြသည်။ ယသထေရ် အစရှိသော လူသား ၅၅-ဦး ရဟန်းဝတ်ပြီးနောက် ရဟန်းတရား အားထုတ်သဖြင့် မဂ်ဖိုလ်ပေါက် ရဟန္တာအဖြစ်သို့ ရောက်ရှိပြန်သည်။ ထိုနှစ် တန်ဆောင်မုန်းလပြည့် မတိုင်ခင် ကာလအတောအတွင်း လူသား ၆၁-ဦးတို့ ရဟန္တာဖြစ်နှင့်နေကြပေပြီ။ ပါဠိအဆိုကား- တေန ခေါ ပန သမယေန ဧကသဌိ လောကေ အရဟန္တော ဟောန္တိ- ထိုအချိန်တွင် လောကကြီး၌ ၆၁-ပါးသော ရဟန္တာများ ပေါ်ပေါက်ခဲ့သည်။(မဟာဝါ ပါဠိတော်၊ မဟာခန္ဓကဝဂ်)

ထိုသို့ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ပေါ်ထွန်းလာသောအခါ တစ်နေရာတည်းတွင် စုဝေးမနေကြဘဲ နယ်လှည့် သာသနပြုကြရန် မြတ်ဗုဒ္ဓက မိန့်ကြားသည်။ သို့ဖြင့် နေ့မအား၊ ညမနား ရဟန်းတော်များ ခရီးထွက်ကာ မြတ်ဗုဒ္ဓဒေသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။
အရှင်အလင်္ကာ (ခေတ္တ-အိန္ဒိယ)

ကျမ်းကိုး-
၁။ ဝိနယပိဋက၊ မဟာဝါ ပါဠိတော်၊ အဌကထာ၊ မဟာခန္ဓကဝဂ်
၂။ သာသနာဝံသကျမ်း
၃။ မြန်မာ ဆယ့်နှစ်လအကြောင်း၊ မောင်ထင်
၎။ http://lovecanfly24.blogspot.com/2009/07/blog-post_139.html
၅။ http://en.wikipedia.org/wiki/Vassa
လိုချင်သူများရှိပါက လိုက်လံရှာဖွေမနေရစေရန် အကြောင်းအရာအားလုံးကို အောက်ဖော်ပြပါ စာမျက်နှာမှ တိုက်ရိုက် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
ဤပိုစ့်အားကူးယူခဲ့သောနေရာ

ပြန်လည်တင်ပြပါသည် ဓမ္မမိတ်ဆွေ

လှမ်းလာခဲ့ပါမိတ်ဆွေ. ..လာကြည့်လှည့်ပါမိတ်ဆွေ.... လုပ်ကြည့်လှည့်ပါမိတ်ဆွေ.

လှမ်းလာခဲ့ပါမိတ်ဆွေ. ..လာကြည့်လှည့်ပါမိတ်ဆွေ.... လုပ်ကြည့်လှည့်ပါမိတ်ဆွေ.



မိမိဟာ ဘာသာရေးစာအုပ်တစ်အုပ်ကို ဖတ်သည်ဟု ဆိုရာဝယ်..
စာအုပ်ထဲမှာ သကြားသီးများ စားသောအခါ ဖန်စိမ့်ဖန်စိမ့်လို့ ပြောတာကို မိမိကလည်း ဖန်စိမ့်ဆိုတဲ့အရသာကို တစ်ခါထည်း ခံစားလိုက်သလိုပဲ ဖြစ်နေတတ်တယ်....
တကယ်တမ်း အပြင်မှာ သကြားသီးစားဖူးမှသာလျှင် ဖန်စိမ့်လား.. ချိုလား.. ချဉ်လားဆိုတာ ကိုယ်တိုင် သိနိုင်မယ်လေ...
သူများစားတာ .. သူများ စားဖူးတာ.. သူများ စားပြီး လိမ်ပြောတဲ့အရသာတွေကို ကိုယ်တွေ့မဟုတ်ဘဲနဲ့ ..လုပ်ကြံပြီး ဟုတ်လိမ့်မယ်လို့ ထင်နေတာဟာ.... သူတော်ကောင်းတစ်ယောက်မဟုတ်သလို...
မိမိကိုယ်တိုင်ကလည်း ထိုထိုဤဤအဖြစ်နဲ့ပဲ ဒိနားတင်ပဲ ကျန်ရစ်ဘ၀နဲ့ အရိုးထုတ်နေတဲ့ လူတစ်ယောက်ပဲ .... လူတိုင်း စွန့်ပစ်လို့ လူမလေး ခွေးမခံ့ဆိုသလို ဖြစ်နေပေရော့ထင့်...

လှမ်းလာခဲ့ပါမိတ်ဆွေ. ..လာကြည့်လှည့်ပါမိတ်ဆွေ.... လုပ်ကြည့်လှည့်ပါမိတ်ဆွေ.

မိမိကိုယ်မိမိ စိတ်ခိုင်မာမယ် ဆိုတာ ယုံကြည်ရင်ဖြင့်..... အသက်ပြည့်လို့ မိမိကိုယ် မိမိ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ဆိုရင်ဖြင့်... မိမိကိုယ် မိမိ .. မိမိဘ၀ မိမိ ပိုင်ဆိုင်တယ်ဆိုရင်တော့ဖြင့်...
ငါတို့ဘု၇ားပြောတာလည်း မယုံပါနဲ့..
မင်းမိဘပြောတာလည်း မယုံပါနဲ့.
မင်းပတ်ဝန်းကျင်ပြောတာလည်း မယုံပါနဲ့.
စာအုပ်ဖတ်ပြိးတော့လည်း မယုံပါနဲ့
မင်းဆရာတွေ ပြောတာလည်းမယုံပါနဲ့.
ဘယ်သူ့ကိုမှမယုံသလို မင်းကိုယ်မင်းလည်း မယုံပါနဲ့..

ကိုယ်တိုင် လုပ်ကြည့်ပါ..
ဟုတ်မှ သိ.
သိမှ ခံစား
ခံစားတတ်မှ လက်ခံ.
လက်ခံပြိးမှ သူများကိုလည်း ငါပြောခဲ့သလို မယုံပါနဲ့ဆိုတာကိုပဲ လမ်းညွှန်သင့်တယ်လို့

ပြောလိုက်ပါရစေ..


ပြန်လည်တင်ပြပါသည် မိတ်ဆွေတို့ရေ........