Showing posts with label ဓမ္မစာစု. Show all posts
Showing posts with label ဓမ္မစာစု. Show all posts

စကား

ညီလေးတို့ရေ...
မြတ်စွာဘုရား ဝေဠုဝန်မှာနေစဉ် အဘယမင်းသားက မြတ်စွာဘုရားကို “အရှင်ဘုရား ဘယ်လိုစကားမျိုးကို ပြောပါသလဲ”လို့မေးတော့ ဘုရားပြောခဲ့တဲ့စကားလေးကို ပြောပြမယ်နော်။
 ပက်လက်သာအိပ်တတ်သေးတဲ့ ကလေးငယ်ရဲ့လည်ချောင်းထဲကို အိုးခြမ်းကွဲတို့ ကျောက်ခဲတို့ဝင်သွားရင် ကလေး နာချင်နာပါစေ၊ရအောင်တော့ နုတ်ရမှာပဲတဲ့။ ဘာကြောင့်လဲဆိုရင် ကလေးကို သနားလို့တဲ့။ ဒီအတိုင်းပဲတဲ့။  ငါဘုရားဟာ ဟုတ်မှန်ပြီးအကျိုးရှိတဲ့စကားဆိုရင် မကြိုက်လည်းငါပြောတယ်။ ကြိုက်လည်း ငါပြောတယ်တဲ့။ ဟုတ်မှန်ပေမယ့် အကျိုးတော့မရှိဘူးဆိုရင် မကြိုက်လည်း ငါမပြောဘူး။ ကြိုက်လည်း ငါမပြောဘူးတဲ့။ ဘာကြောင့်လည်းဆိုရင် သတ္တဝါတွေကို သနားလို့တဲ့။  ညီလေးတို့ရေ စကားပြောပုံ(၆)မျိုးထဲက ဘုရားက(၂)မျိုးပဲပြောတယ်နော်။ ဒါကြောင့် ညီလေးတို့စကားပြောရင် မှန်လည်း မှန်၊ အကျိုးလည်းရှိမယ့်စကားကိုပြောနော်။ ပြီးတော့ ပြောသင့်တဲ့စကားကို ပြောသင့်တဲ့အချိန်မှာပဲ ပြောရတယ်နော်။

နည်းမှန် ကျန်းမာ ကြိုးစားပါ မုချအောင်မြင်မှာ

ညီလေးတို့ရေ...
ဗောဓီမင်းသားက ဘုရားကို“အရှင်ဘုရားရဲ့တရားကို နာယူပြီး တရားအားထုတ်ရင် ဘယ်လောက်ကြာမလဲ” လို့ လျှောက်တော့ ဘုရားကပြောတယ်။ “မင်းသား သင့်ထံမှာ ဆင်စီး၊မြင်းစီးအတတ်တွေကိုလာရောက်သင်ယူကြတဲ့သူတွေဟာ ယုံကြည်မှုကလည်းမရှိ, ရောဂါကလည်းများ, ဟန်ဆောင်မှုကလည်းကောင်း, အားထုတ်မှုကလည်းနည်းပါး. ဥာဏ်ကလည်းထိုင်းဆိုတဲ့ အင်္ဂါငါးပါးပြည့်စုံရင် ဆင်စီး မြင်းစီး အတတ်တတ်ပါ့မလား...”လို့မေးတော့ ” အင်္ဂါငါးပါးမပြောနဲ့။တစ်ပါးနဲ့ပြည့်စုံရင်ကို မလွယ်ပါဘူး...”တဲ့။ “ဒီအတိုင်းပဲ မင်းသား...တဲ့။ တရားအားထုတ်တဲ့သူတွေမှာ ယုံကြည်မှုရှိမယ်။ အနာကင်းမယ်။ ဟန်ဆောင်မှုကင်းမယ်။ အားထုတ်မှုလည်းရှိမယ်။ ပညာနဲ့ပြည့်စုံမယ်ဆိုရင် တစ်နေ့ တစရက် တစ်မနက်နဲ့ တရားရနိုင်ပါတယ်...တဲ့။
ညီလေးတို့ရေ... တရားအားထုတ်တဲ့နေရာလို့ဆိုပေမယ့် လူ့လောကရဲ့ စီးပွားရေး၊ ကြီးပွားရေး၊တိုးတတ်ရေးအလုပ်တွေမှာလည်း ကိုယ့်အလုပ်ကိုယ် ယုံကြည်မှုရှိဖို့၊ ကျန်းမာေ၇းကောင်းဖို့၊ ဟန်ဆောင်ဖုံးကွယ်မှုကင်းဖို့၊ အားထုတ်မှုကြိုးစားမှုရှိဖို့၊ အမှားအမှန်ဝေဖန်တတ်ဖို့ လိုတယ်နော်။ အဲဒီ(၅)ချက်နဲ့ပြည့်စုံရင် လောကီအကျိုးရော,လောကုတ္တရာအကျိုးပါ တခဏနဲ့ပြည့်စုံမယ်လို့ အစ်ကိုတော့ထင်တာပဲ....။