သံဝေဇနိယလေးဌာန

၁။ လုမ္ဗိနီဟု
မည်ပြုသညာ
ဤနေရာကား
တို့ဘုရားလောင်း
သူတော်ကောင်းအား
မွေးဖွားခဲ့ရာ
မှန်လှတာမို့
ဦးခိုက်စို့လေ
သံဝေဇနိယ တစ်ဌာန။
   ၂။ ဗုဒ္ဓဂယာ
အနီးမှာကား
မဟာဗောဓိ
မည်ရှိညောင်ပင်
ပင်ခြေတွင်၌
ပလ္လင်ဗွေနန်း
ဤစခန်းဝယ်
တက်လှမ်းဗုဒ္ဓ
ပွင့်ခဲ့ရမို့
ဦးခိုက်စို့လေ
သံဝေဇနိယ နှစ်ဌာန။
 ၃။ မိဂဒါဝုန်
ဤရိပ်မြုံကား
လွှမ်းခြုံဓမ္မ
တို့ဗုဒ္ဓသည်
ပဉ္စဝဂ္ဂီ
ငါးမည်ထေရ
ဦးဆုံးစ၍
ဝေငှခဲ့ရာ
မှန်လှတာမို့
ဦးခိုက်စို့လေ
သံဝေဇနိယ သုံးဌာန။
 ၄။ ကုသိနာရုံ
ရဂုံသာမော
အင်ကြင်းတောကား
ဘုရားမြတ်စွာ
စိန္တေယျာ၏
ပရိနိဗ္ဗာန်
စံဝင်ကြွချီ
ချုပ်ငြိမ်းသည်မှာ
ဤနေရာမို့
ဦးခိုက်စို့လေ
သံဝေဇနိယ လေးဌာန။
 သံဝေဇနိယ
လေးဌာနအား
ဦးညွတ်တွားက
မလားအပါယ်
ထက်ပြည်နတ်ရွာ
ရောက်နိုင်တာကြောင့်
ပူဇာရဟ
ဂုဏ်မှန်းဆ၍
ဦးချရိုကျိုး
ကျွန်ရှိခိုးသည်
ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။
(အရှင်တိက္ခဥာဏ မဂဓတက္ကသိုလ်)





0 comments:

Post a Comment